နည်းပညာနှင့် သက်မွေးသင်ကျောင်းသားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင်ထွက်ခွာ



China trip

မေ 9၊ 2016

မြန်မာ-တရုတ်နှစ်နိုင်ငံကြား နည်းပညာနှင့်သက်မွေးပညာသင် ကျောင်းသားများ စေလွှတ်ရေး အစီအစဉ်အရ မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ကျင်းစုပြည်နယ် ပညာရေးဌာန၊ မြန်မာ-တရုတ်ချစ်ကြည်ရေး(ဗဟို)နှင့် တရုတ်-မြန်မာချစ်ကြည်ရေးအသင်း (ပေကျင်းမြို့) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပညာရေးဝန်ကြီးဌာန(ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် နှင့်၊ အစိုးရနည်းပညာကောလိပ်၊ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သမဝါယမတက္ကသိုလ်၊ ကောလိပ်) တို့မှ ပထမအသုတ် ကျောင်းသား၊ ကျောင်းသူ (36) ဦး သည် မေလ (8) ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်ကျင်းမြို့သို့ ထွက်ခွာသွားကြသည်။

ပညာသင်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနကိုယ်စား သုတေသန နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့် နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတက္ကသိုလ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ပါမောက္ခနှင့် ကျောင်းအုပ်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူးနှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၊ ဒုတိယဥက္ကဋ္ဌ၊ ဦးစိုးဝင်းနှင့် အလုပ်အမှုဆောင်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း(ရန်ကုန်ရုံးခွဲ)၊ တာဝန်ခံနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

2015 ခုနှစ်၊ သြဂုတ်လအတွင်း တရုတ်နိုင်ငံ၊ ကွေ့ရန်မြို့တွင် ကျင်းပခဲ့သည့် China-ASEAN TVET EXPO, 8th China-ASEAN Education Week ၌ မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းစုပြည်နယ်၊ ပညာရေးဌာနတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုအရ ကျန်းစုပြည်နယ်ရှိ NanJing Institute of Industry Technology၊ Yangzhou Polytechnic Institute၊ Changzhou Vocational Institute of Engineering နှင့် Jiangsu Agri-animal Husbandry Vocational College တို့တွင် နည်းပညာနှင့်သက်မွေးပညာရပ်များ သင်ယူနိုင်ရေးအတွက် ပညာသင်ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်၍ စာမေးပွဲများ ဖြေဆိုအောင်မြင်သူများကို စေလွှတ်ခြင်း ဖြစ်သည်။ ဒုတိယအသုတ် ကျောင်းသား၊ ကျောင်းသူ (51) ဦးကိုလည်း မေလ (9) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင် ဆက်လက်စေလွှတ်သွားမည်ဖြစ်ပါသည်။

China trip



Bookmark the permalink.

Comments are closed.